ပုပ်ရဟန်းမင်းကြီး အီတလီတို့အနေနှင့် နိုင်ငံအတွင်း တရားမ၀င် ရောက်ရှိနေသော ဆင်းရဲနွမ်းပါးသည့် ရွှေ့ပြောင်းအလုပ်သမားများ၏ လူ့အခွင့်အရေးအပေါ် တန်ဖိုးထား လေးစားကြရန် တိုက်တွန်းပြောဆိုလိုက်သည်။ ပြီးခဲ့သည့်သီတင်းပါတ်အတွင်း အီတလီတောင်ပိုင်းတွင် လူမျိုးရေး အကြမ်းဖက်မှုများ ပေါ်ပေါက်လာခြင်းအား ရည်ညွှန်းပြီး ရိုမန်ကက်သလစ် ဘာသာရေး ဦးသျှောင်ဖြစ်သည့် ပုပ်ရဟန်းမင်း ဘင်နဒစ်(၁၆)က ဗာတီကန်နန်းတော်မှ ယခုလို ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ရဲတပ်ဖွဲ့သည် ဇန်န၀ါရီ၁၀ရက်နေ့က ကာလာဘရီယာရှိ ရိုဆာနိုမြို့မှ လူပေါင်းရာနှင့်ချီမျှကို ဘတ်စ်ကားများ အသုံးပြုပြီး ရွှေ့ပြောင်းပေးခဲ့ရသည်။ ယင်းမြို့တွင် ရွှေ့ပြောင်းအလုပ်သမားများ အပါအ၀င် ဆင်းရဲနွမ်းပါးသည့် အာဖရိကတိုက်မှ လယ်လုပ်သားများ နေထိုင်ကြသည်။ လူမျိုးရေးခွဲခြားသည့် တိုက်ခိုက်မှုများကြောင့် လူ၇၀မျှ ဒဏ်ရာများ ရရှိခဲ့သည်။ လေ့လာသူများက ယခုကိစ္စသည် မာဖီးယားကဲ့သို့ ဒေသတွင်း ရာဇ၀တ်မှု အဖွဲ့များက လှုံ့ဆော်ခြင်းကြောင့် ပေါ်ပေါက်လာခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်ထားသည်။ ဒဏ်ရာရသူများတွင် တရားမ၀င် ရောက်ရှိနေသည့် ရွှေ့ပြောင်းအလုပ်သမားများ ပါဝင်နေပြီး ဒေသခံများနှင့် ရဲတပ်ဖွဲ့တို့သည် မြို့တွင်းအခြေအနေကို ပြန်လည်ကောင်းမွန်အောင် ထိန်းသိမ်းမှုများ ပြုလုပ်နေခဲ့သည်။
“တရားမ၀င် ရောက်လာတဲ့ ရွှေ့ပြောင်းလုပ်သား တစ်ယောက်ဆိုတာလည်း လူတစ်ယောက်ပါ။ သူဘယ်ကလာတယ်၊ ဘယ်လိုယဉ်ကျေးမှုရှိတယ်၊ ဘယ်လိုဓလေ့ထုံးစံကို ယုံကြည်တယ် ဆိုတာကလွဲရင် သူဟာကိုယ်တော်တို့လို လူတစ်ယောက်ပါပဲ”ဟု ပုပ်ရဟန်းမင်းကြီးကဆိုသည်။ ယခုရက်ပိုင်းအတွင်း ဆင်းရဲသော အာဖရိက စိုက်ပျိုးရေး လုပ်သားများသည် လူမျိုးရေးခွဲခြားမှုများ၏ သားကောင်ဖြစ်လာခြင်းအတွက် စိတ်မကောင်းကြောင်းလည်း ပုပ်ရဟန်းမင်းကြီးက မိန့်ကြားခဲ့သည်။ “ဒါဟာ လူတစ်ယောက်ချင်းစီရဲ့ ပြဿနာပါ။ ခင်ဗျားတို့ရဲ့ ဘေးပတ်ဝန်းကျင်က လူတစ်ယောက်စီရဲ့ မျက်နှာကိုကြည့်ပါ။ ပြီးရင်သူ့ရဲ့ စိတ်ဝိဥာဉ်ကိုကြည့်ပါ။ သူတို့ရဲ့ ဘ၀ဇာတ်ကြောင်းနဲ့ နေထိုင်ပုံတွေ ဘာပဲဖြစ်ဖြစ် လူတစ်ယောက်ဆိုတာ လက်ခံလိုက်ပါ။ ဘုရားသခင်ဟာ ကိုယ့်ကိုချစ်သလို သူတို့ကိုလည်း ချစ်မြတ်နိုးတယ်ဆိုတာ နားလည်လာဖို့ အရေးကြီးပါတယ်”ဟု ပုပ်ရဟန်းမင်းကြီးက မိန့်ကြားသွားသည်။
အီတလီ အာဏာပိုင်များက လူမျိုးရေး တိုက်ခိုက်မှုများ ဖြစ်ပေါ်စေရန် လှုံ့ဆော်မှုများအား Ndranghetaခေါ် ဒေသခံ မာဖီးယားအဖွဲ့က ဦးဆောင်နေသည်ဟု ယူဆရကြောင်း ပြောဆိုထားသည်။ ယင်းတို့သည် ကာလာဘရီယာ ဒေသတွင်သာမက အီတလီတစ်နိုင်ငံလုံးတွင်ပါ ဩဇာအကြီးဆုံး ဒုစရိုက် အဖွဲ့အဖြစ် ရပ်တည်နေသည်။ အီတလီ ပြည်ထဲရေးဝန်ကြီး ရိုဘာတို မာရိုနီက ယခုအကြမ်းဖက်မှုသည် လက်ဝဲ၀ါဒီများ စွပ်စွဲသကဲ့သို့ ရွှေ့ပြောင်းအလုပ်သမားများအား နိုင်ငံသားအဖြစ် သတ်မှတ်ရန် ဥပဒေအရ ကန့်သတ်ထားမှုများနှင့် ပတ်သက်နေကြောင်း ၀န်ခံပြောဆိုသွားသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment